International News

ဂျပန်၌ ရုံးဖွင့်ရက်များ၏ နေ့ခင်းပိုင်းတွင် အင်တာနက်အသုံးပြုမှုများ ပိုမိုတိုးတက်လာခဲ့ကြောင်း NTT ပြောကြားခဲ့

Last Updated:

ဂျပန်နိုင်ငံ၌  ရုံးဖွင့်ရက်များ၏ နေ့ခင်းပိုင်းတွင် အင်တာနက်အသုံးပြုမှုများ ပိုမိုတိုးတက်လာခဲ့ကြောင်း ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် NTT က ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဝန်ထမ်းများနေအိမ်မှ အလုပ်လုပ်မှုများ ပိုမိုများပြားလာခြင်းကြောင့် ယခုကဲ့သို့ မြင့်တက် လာခြင်းဖြစ်ကြောင်း၊ NTT ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်ကတည်းက ရုံးဖွင့်ရက်များ၏ အင်တာနက်အသုံးပြုမှုကို လေ့လာ သုံးသပ်ခဲ့မှုအရ တွေ့ရှိရကြောင်းဆိုပါသည်။

ဖေဖော်ဝါရီလ တတိယပတ်အထိ သိသိသာသာပြောင်းလဲမှု မတွေ့ရသော်လည်း  ယခုမတ်လပထမအပတ်တွင် သုံးစွဲမှုနှုန်းသိသိသာသာမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ လပထမအပတ်ထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း ဆိုပါသည်။ မတ်လဒုတိယအပတ်တွင် ၄၀ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်ခဲ့ပြီး နေအိမ်များမှ အင်တာနက်အသုံးပြုကာ လုပ်ငန်းဆောင်ရွက်သူ များပြားလာခြင်းကြောင့် ထိုကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အင်တာနက်အသုံးပြု၍ အစည်း အဝေးများကို Videoconference စနစ်ဖြင့်ဆောင်ရွက်ခြင်း၊  နေအိမ်မှ အင်တာနက်အသုံးပြု၍ ဌာနတွင်း အသုံးပြုဆောင်ရွက်နေသည့် စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်ကြခြင်း တို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါသည်။

၎င်းအပြင် အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်သည့် ဝက်ဘ်ဆိုက်များအား ဝင်ရောက် ကြည့်ရှုသူများ ပိုမိုများပြားလာကြောင်း၊ မတ်လအစောပိုင်းက ကျောင်းများ စတင်ပိတ်ခဲ့ပြီး ကျောင်းသားလေးများက ထိုဝက်ဘ်ဆိုက်များကို ချိတ်ဆက်ဝင်ရောက် သင်ယူကြခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Prime Minister’s Office of Japan, The NHK World, The Japan News, The Japan Times

Category: International News